ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း (၆၄) သင်းအထိ တိုးချဲ့ကျင်းပမည့် ကိစ္စရပ်အား လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။ အရင် (၃၂) သင်းအဆင့်မှ ယခု ၂၀၂၆ ခုနှစ်တွင် (၄၈) သင်းအထိ တိုးချဲ့ကျင်းပမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သဖြင့် အသင်း (၆၄) သင်းအထိလည်း တိုးချဲ့နိုင်လိမ့်မည်ဟု အင်ဖန်တီနိုက ယုံကြည်နေခြင်းဖြစ်သည်။အဆိုပါ (၆၄) သင်းတိုးချဲ့ရေးကို ပြီးခဲ့သည့်နှစ်အတွင်းက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး၊ နှစ် (၁၀၀) ပြည့်အဖြစ် ကျင်းပမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တောင်အမေရိက (၁၀) သင်းစလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အကယ်၍ (၆၄) သင်းအထိ တိုးချဲ့ပါက စုစုပေါင်းပွဲအရေအတွက် (၁၂၈) ပွဲအထိ ရှိလာမည်ဖြစ်ကာ ယခင် (၃၂) သင်းပြိုင်ပွဲထက် ပွဲအရေအတွက် နှစ်ဆ မြင့်တက်လာမည်ဖြစ်သည်။ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲသည် ဥရောပနှင့် တောင်အမေရိကအတွက်သာမက တစ်ကမ္ဘာလုံးအတွက် ဖြစ်သင့်ပြီး၊ နိုင်ငံငယ်လေးများကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခြင်းဖြင့် ဘောလုံးလောက တိုးတက်မှုကို ပိုမိုတွန်းအားပေးနိုင်မည်ဟု ဆိုသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်တွင် အသင်း (၁၃) သင်းဖြင့် စတင်ခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် (၄၈) သင်းပြိုင်ပွဲ ဖြစ်လာခဲ့ကြောင်း သိရသည်။
Jul 13 • 4:11 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


