စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် ရန်ကုန်မြို့အတွက် ထုတ်ပြန်လိုက်သည့် တစ်ပတ်စာရည်ညွှန်းဈေးနှုန်းများအရ စက်သုံးဆီဈေးသည် သင်္ကြန်ကျော်ကာလမှစ၍ ၁၂ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းများမှာ ဇူလိုင် ၁၆ ရက်အထိ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၂၅၀ ကျပ်၊ ဓာတ်ဆီ 95 Ron လျှင် ၃,၃၁၀ ကျပ်၊ ဒီဇယ်လျှင် ၃,၀၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်လျှင် ၃,၇၉၀ ကျပ် သတ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါဈေးနှုန်းများကို ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron သည် တစ်လီတာလျှင် ၁၁၀ ကျပ်၊ ဓာတ်ဆီ 95 Ron သည် ၁၀၀ ကျပ်နှင့် ပရီမီယံဒီဇယ်သည် ၁၀ ကျပ်စီ ထပ်မံဈေးကျဆင်းခဲ့ပြီး၊ ဒီဇယ်တစ်မျိုးတည်းသာ တစ်လီတာလျှင် ၅ ကျပ်ခန့် အနည်းငယ် ဈေးတက်ခဲ့ကြောင်း သိရသည်။


