ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လ ၁၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းပေါ်ရှိ တံတားတစ်စင်း၏ Wing wall (ရေကာနံရံ) တစ်ဘက် ပြုတ်ထွက်ပျက်စီးကာ မြေသားတာဘောင် ပဲ့ကျမှု ဇွန်လ ၁၄ ရက် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ပျက်စီးမှုဖြစ်ပွားခဲ့သည်မှာ အဆိုပါလမ်းရှိ မိုင်တိုင်အမှတ် ၁၈/၀ နှင့် ၁၈/၁ ကြား ဘယ်ဘက်ခြမ်းရှိ တံတားအမှတ် (၁/၁၉) ဖြစ်ပြီး ၁၀ ပေအကျယ်ရှိ အုတ်စီကမ်းကပ်ခုံ RC Slab တံတားအမျိုးအစား ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ကတ္တရာလမ်းသားအထိ ထိခိုက်မှုမရှိသေးသော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်များအန္တရာယ်မဖြစ်စေရန် ကတ္တရာပေပါခွံနှင့် လမ်းတားပုံးများချကာ အချက်ပြတားဆီးထားသည်။လက်ရှိတွင် လမ်းတံတားဦးစီးဌာနက ဘက်ဟိုး၊ သဲသယ်ကား၊ မျောတိုင်သယ်ကားများနှင့် အလုပ်သမားများအသုံးပြုကာ ယာယီတုတ်ရိုက်ပြုပြင်ရန် စီစဉ်နေပြီး ပျက်စီးသွားသည့် တာဘောင်အား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



