ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ရေဝိုင်းတောင်ရေကန်တွင် မနေ့ညနေ ၇ နာရီဝန်းကျင်ခန့်က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ငါးမျှားနေစဉ် ငါးကြီးက ငါးမျှားတံကို ဆွဲပြေးသွားသဖြင့် ရေထဲသို့ လိုက်လံဆယ်ယူရာမှ ရေနစ်သေဆုံးမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်အရ အဆိုပါအမျိုးသားသည် သူငယ်ချင်းများနှင့်အတူ ငါးမျှားနေစဉ် ငါးအကြီးစားတစ်ကောင်က ငါးမျှားတံကို ရေထဲသို့ ဆွဲချသွားခဲ့ခြင်းဖြစ်သည်။ ထိုနောက် ရေထဲ၌ ငါးမျှားကြိုးကို လိုက်လံရစ်ပတ်ဖမ်းဆီးရာတွင် ငါးကြီးက ရုန်းကန်ခြင်းနှင့် ၎င်းကိုယ်တိုင် ရေမကူးတတ်ခြင်းတို့ကြောင့် ရေထဲသို့ တစ်ပါတည်း မျောပါနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ အတူပါလာသူများက ချက်ချင်းအော်ဟစ်အကူအညီတောင်းခံကာ လူရှာဖွေခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာရန် နာရီဝက်ခန့် ကြန့်ကြာခဲ့ရပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။



