မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းကျေးရွာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းအားမြှင့် အေဝမ်းမီးဖို ၆၁၀ လုံးကို ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးဖိုဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက် ယနေ့နံနက်ပိုင်းက ဘူးကျွန်းကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက သစ်တောသစ်ပင်များကို အလွန်အကျွံခုတ်ယူသုံးစွဲပါက ရာသီဥတုဖောက်ပြန်ခြင်း၊ အပူလွန်ကဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်သဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထိန်းသိမ်းကြရန်နှင့် စွမ်းအားမြှင့်အေဝမ်းမီးဖို သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသည့် ဒေသခံပြည်သူ ၆၁၀ ဦးထံသို့ အေဝမ်းမီးဖိုများ လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



