ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကုန်သည်လမ်းပေါ်ရှိ ညဈေးတန်းဆိုင်ခန်းနေရာသစ်တွင် နံနက်ခင်းဖွင့်လှစ်ရောင်းချသော မူလပျံကျဈေးသည်ဟောင်း ၁၀ ဦးခန့် နေရာပြန်လည်မရရှိသေးကြောင်း သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ယာယီပိတ်သိမ်းခဲ့သည့် နာရီစင်ညဈေးတန်းကို ၂၀၂၆ ခုနှစ် မေလ ၁၆ ရက်တွင် ကုန်သည်လမ်းပေါ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ ဈေးသည်အသစ်များနှင့် ဆိုင်ခန်းအသစ်များ နေရာရရှိခဲ့သော်လည်း မူလဆိုင်ခန်းရှင်အဟောင်းအချို့မှာ နေရာမရခြင်းနှင့် ရရှိသော်လည်း လက်ရှိဈေးသည်များက ဖယ်မပေးခြင်းတို့ ကြောင့် အခက်တွေ့နေရသည်။ ထို့ပြင် နာရီစင်ဘေးရှိ သားငါးနှင့် ပျံကျဈေးသည်အများအပြားလည်း ဈေးရောင်းရန်နေရာပျောက်ဆုံးခဲ့ရသဖြင့် အချို့မှာ နာရီစင်အောက်၌ ဆက်လက်ရောင်းချနေပြီး အချို့မှာ ဈေးမရောင်းနိုင်တော့ဘဲ ပျောက်သွားခဲ့ကြသည်။ လက်ရှိတွင် ဆိုင်ခန်းပေါင်း ၉၆ ခန်းရှိပြီး လူဦးရေထောင်ကျော် မှီခိုနေသည့် ၎င်းဈေးတန်း၌ နေရာမရသေးသည့် မူလဈေးသည်များက တရားမျှတမှုရရှိရန်အတွက် သဘောထားဆန္ဒများကောက်ခံကာ သက်ဆိုင်ရာသို့ ဆက်လက်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။



