မွန်ပြည်နယ်အတွင်း အတွဲလိုက် ဆောင်းဘောက် (အသံချဲ့စက်) များ အဆမတန် ဖွင့်လှစ်ပြီး အများပြည်သူအား ဆူညံသံများဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေမှုကို ထိရောက်စွာ တားဆီးပိတ်ပင်ရန် အဆိုကို ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်သည်။အဆိုပါ အဆိုကို ဘီလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ဇွန်လ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးတို့က ဝိုင်းဝန်းထောက်ခံဆွေးနွေးကာ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။လက်ရှိဥပဒေအရ အသံချဲ့စက်ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများထံတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခြင်းကြောင့် ပြည်သူများကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေပါက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေး အရေးယူခံရမည်ဖြစ်သည်။ အဆမတန်ကျယ်လောင်သော ဆောင်းဘောက်သံများကြောင့် နားရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် အစာအိမ်ရောဂါများ ဖြစ်ပွားမှု များပြားလာနေခြင်းကြောင့် အများပြည်သူ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အခုလို ပြင်းပြင်းထန်ထန် တားဆီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် အတွဲလိုက် ဆောင်းဘောက်ကြီးများ ဆူညံစွာ ဖွင့်လှစ်မှု ထိရောက်စွာ တားဆီးပိတ်ပင်မည့်အဆို လွှတ်တော်၌ အတည်ပြု
Jun 13 • 10:21 AM
မြန်မာ
မွန်
မျှဝေမည်
| 42 | 0 | 0 | 0 |


