စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအပြင် ဈေးကွက်လိုအပ်ချက်ရှိခြင်း၊ ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းခြင်းတို့ကြောင့် ယခုနှစ်စိုက်ပျိုးရာသီတွင် တောင်သူများက အစေ့ထုတ်ပြောင်း(CP) ကို ပိုမိုတိုးချဲ့စိုက်ပျိုးလာကြသည်။ မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ရိတ်သိမ်းကြမည်ဖြစ်ကာ တောင်သူအချို့မှာ ဆောင်းသီးနှံအဖြစ် ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးကြကြောင်း သိရသည်။ယခုနှစ်တွင် သွင်းအားစုစရိတ်နှင့် လုပ်အားခများ မြင့်တက်လာသဖြင့် တစ်ဧကလျှင် ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ ကုန်ကျနိုင်သော်လည်း စိုက်ပျိုးရေးဌာနမှ နည်းပညာနှင့် ပိုးမွှားကာကွယ်ရေး အသိပညာပေးမှုများကို ကူညီပံ့ပိုးပေးလျက်ရှိသည်။ ရာသီဥတုမျှတပါက တစ်ဧကလျှင် ပြောင်းတင်း ၅၀ မှ ၆၀ ကျော်အထိ ထွက်ရှိနိုင်ပြီး ဈေးကွက်ပေါက်ဈေးအပေါ် မူတည်၍ တစ်ဧကလျှင် အသားတင်အကျိုးအမြတ် ကျပ် ၅ သိန်းမှ ၈ သိန်းအထိ ရရှိနိုင်မည်ဟု တောင်သူများက တွက်ချက်ထားကြသည်။လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌ မိုးဦးကျပြောင်းစိုက်ခင်းများ သဘာဝမိုးရေဖြင့် အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိပြီး ရာသီဥတု ဆက်လက်ကောင်းမွန်ပါက ပြောင်းစိုက်တောင်သူများ စီးပွားရေးအရ ပိုမိုတွက်ချေကိုက်ကာ အကျိုးအမြတ်များရရှိနိုင်ကြောင်း သိရသည်။



