ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးကုန်းလမ်းဆုံမီးပွိုင့်နှင့် ရွှေမြင်းဝန်စေတီတော်ဘုရားကြီးမီးပွိုင့်စသည့် လူစည်ကားရာနေရာများ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက ဇွန် ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းကာ နေရပ်များထံ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ တောင်းရမ်းနေသူများကို အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့နေထိုင်ရာ မြို့ရွာများအထိ အခမဲ့ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ယနေ့အထိ ၁၆ ဦးရှိပြီဖြစ်ကာ ၎င်းတို့ငှားရမ်းနေထိုင်သည့် တိုက်ခန်းနှင့် တန်းလျားပိုင်ရှင်များကိုလည်း ခေါ်ယူသတိပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ကြီးဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း၏ တံခါးပေါက်မြို့တော်အဖြစ် သတ်မှတ်ထားသော မြဝတီမြို့တွင် လုပ်ငန်းသဖွယ် တောင်းရမ်းစားသောက်နေမှုများသည် မြို့၏ပုံရိပ်ကို ထိခိုက်စေသဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



