ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦး သေဆုံးမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး၊ ယင်းအမှုစုံစမ်းစစ်ဆေးမှုနှင့် ဆက်နွှယ်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။ထိုင်းနိုင်ငံရှိ အမေရိကန်အရာရှိများနှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့က ယခုအမှုနှင့်ပတ်သက်သည့် မေးခွန်းများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့သာ လွှဲပြောင်းပေးခဲ့ကြသည်။ သံတမန်အသိုက်အဝန်းမှ ပုဂ္ဂိုလ်များ၏ ပြောပြချက်အရ အဆိုပါ အမေရိကန်အမျိုးသားကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က အမေရိကန်သံရုံးနှင့် တစ်မိုင်ခန့်အကွာရှိ Sakura Residence & Hotel တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က ယခုအမှုကို လူသတ်မှုဖြစ်နိုင်ခြေအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သေဆုံးသူ၏ မိသားစုဝင်များ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို လေးစားသည့်အနေဖြင့် အမှုနှင့်ပတ်သက်သည့် အခြားအသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပါ။



