ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မဈေးကြီးတွင် ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဇနီးမောင်နှံနှစ်ဦးသည် ဇွန်လ ၈ ရက် ညနေပိုင်းက ဆိုင်ပိတ်၍ ဆိုင်ကယ်ဖြင့် ကောင်းခါးရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာစဉ် လမ်းကြားတစ်ခုအတွင်း အရပ်ဝတ်သေနတ်ကိုင် ၄ ဦးပါ အိမ်စီးကား (အဖြူရောင်) ဖြင့် တိုက်ခံရပြီး သေနတ်တစ်ချက်ပစ်ဖောက်ကာ ရွှေနှင့်ငွေများ ထည့်ထားသည့်အိတ်ကို ဓားပြတိုက်လုယူခြင်း ခံခဲ့ရသည်။ ဓားပြတိုက်မှုတွင် အသုံးပြုခဲ့သည့်ကားကို မူဆယ်စက်မှုဇုန်အနီးရှိ ဆီဆိုင်တစ်ဆိုင်အနားတွင် စက်မသတ်ဘဲ စွန့်ပစ်ထားခဲ့ပြီး ကျူးလွန်သူများသည် အခြားဆိုင်ကယ်များဖြင့် ထပ်မံထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။ လုယက်ခံရသည့် ရွှေနှင့် ငွေကြေးပမာဏ အတိအကျကို မသိရသေးသော်လည်း လက်ရှိ မူဆယ်မြို့တွင် လက်နက်ကိုင်နှင့် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံရှိနေသော်လည်း တရားဥပဒေစိုးမိုးမှုအားနည်းကာ ယခုကဲ့သို့ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြို့ခံများ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း ဖော်ပြထားသည်။


