ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာ ၆၀ ကျော်အနက် ကျောင်းပေါင်း ၂၀ ဝန်းကျင်ကို ထိုင်းပညာရေးနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ စမ်းသပ်စီမံကိန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ Migrant Health Profile ပြုလုပ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း (Scanning) များကို ယခုနှစ်တွင် စတင်လုပ်ဆောင်ပေးနေကြောင်း သိရသည်။ ထို့ပြင် ယခုပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအတွက် ထိုင်းပညာရေးဝန်ကြီးဌာနမှ ကျောင်းသားကတ် အထောက်အထားများလည်း ထုတ်ပေးသွားမည်ဖြစ်သည်။ မဲဆောက်ရှိ မွန်ရွှေ့ပြောင်းသင်ကြားရေးစင်တာသည် ထိုင်းနိုင်ငံ၏ တရားဝင်ဖွင့်လှစ်ခွင့်ရရှိထားပြီး နှစ်စဉ် ဗမာ၊ မွန်၊ ကရင်၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသား ကလေးငယ် ၂၀၀ နီးပါးကို သက်ဆိုင်ရာသင်ရိုးများဖြင့် သင်ကြားပေးလျက်ရှိသော်လည်း လက်ရှိတွင် နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့မှုလျော့နည်းလာခြင်း၊ ကျောင်းသားဦးရေ များပြားလာခြင်းတို့ကြောင့် နေရာနှင့် ဆရာ၊ ဆရာမ မလုံလောက်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။



