ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကားလမ်းမကြီးပေါ်ရှိ နေရာ (၃) နေရာထက်မနည်း၌ ရေကြီးရေဝပ်မှုများ ဖြစ်ပေါ်နေပြီး လမ်းသွားလမ်းလာများ သွားလာရေး အခက်အခဲကြုံတွေ့နေရသည်။ အဆိုပါလမ်းပိုင်းများတွင် ရေနှုတ်မြောင်းများ ကျဉ်းမြောင်းနေခြင်းကြောင့် မိုးများပါက လမ်းပေါ်သို့ ရေလျှံဝပ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ အားကောင်းသော မုတ်သုံလေ ဝင်ရောက်နေပြီး ဘင်္ဂလားပင်လယ်အော်တွင်လည်း တိမ်အသင့်အတင့် ဖြစ်ထွန်းနေခြင်းကြောင့် ကရင်နီပြည်နယ်အတွင်း နေရာစိပ်စိပ် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။



