ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းတောင်ကီဗူးပြည်နယ်၌အီဘိုလာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် သေဆုံးခဲ့ရသူများအားတာဝန်ယူ မြှုပ်နှံပေးနေရသည့်အဖွဲ့တစ်ဖွဲ့ကိုဒေသခံများက ယခုသီတင်းပတ်အတွင်း ရန်ပြုတိုက်ခိုက်ခဲ့ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အထက်ပါဖြစ်စဉ်သည် တောင်ကီဗူးပြည်နယ် ကာတာနာမြို့၌ ဇွန် ၁ ရက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ဒေသခံများ၏ တိုက်ခိုက်မှုကြောင့် မြှုပ်နှံသင်္ဂြိုဟ်ရေး တာဝန်ရှိသူများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရော ဂါကြောင့် သေဆုံးခဲ့ရသူ၏ခေါင်းတလားကို စွန့်လွှတ်ပေးခဲ့ရသည်ဖြစ်ရာရောဂါကူးစက်မှုများ ရှိလာမည့် အရေး စိုးရိမ်ရကြောင်း ကွန်ဂိုတာဝန်ရှိသူများက ပြောကြားထားသည်။ကွန်ဂိုအစိုးရအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် ယင်းရောဂါကြောင့် သေဆုံးခဲ့သူများကို ရောဂါကူးစက်မှုကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီမြှုပ်နှံသင်္ဂြိုဟ်ရန် အထူးလေ့ကျင့်ထားသည့် အဖွဲ့အစည်းများကို တာဝန်ပေးထားရသည်။



