ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံမှ ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရေးအတွက် ရေပေးဝေမှုလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်သဖြင့် မေ ၁၅ ရက်မှစတင်ကာ ပြည်သူများအတွက် သောက်သုံးရေကိုသာ ဆက်လက်ပေးဝေလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။နွေစပါးစိုက်ပျိုးရေပေးဝေမှု ရပ်နားလိုက်ပြီဖြစ်သော်လည်း လာမည့်မိုးရာသီအတွင်း ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေရေးနှင့် အနာဂတ် ရေပေးဝေရာသီများတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ယခုနှစ်အတွင်း အယ်လ်နီညို (El Niño) ဖြစ်စဉ်၏ သက်ရောက်မှုများကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားမှုများ ကြုံတွေ့ရနိုင်သဖြင့် သက်ဆိုင်ရာဌာနများက အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းလည်း သိရသည်။


