မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ “ရွှေချိုးဖြူ” လက်ဖက်ရည်ဆိုင်မှ ဆိုင်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၄ ရက် (ယမန်နေ့) နံနက် ၆ နာရီခွဲအချိန်ခန့်က ကော့စနိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အဆိုပါလက်ဖက်ရည်ဆိုင်တွင် ဝန်ထမ်းဖြစ်သူ အသက် (၄၅) နှစ်အရွယ် ကိုကျော်စွာ ဆိုင်အတွင်း ရှိနေစဉ် လက်ပြကျေးရွာဘက်မှ ဆိုင်ကယ်အနီရောင်ဖြင့် ရောက်ရှိလာသည့် သေနတ်သမားနှစ်ဦးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုကျော်စွာတွင် ပါး၊ လက်မောင်း၊ ရင်ဘတ်နှင့် လက်ဖျံတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ ဆိုင်အတွင်း၌ပင် သေဆုံးခဲ့ပြီး၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့အဝင်အထွက်နေရာများကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် မေလအတွင်းကလည်း သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှုများကြောင့် ရေးမြို့နယ်တွင် ၂ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ၅ ဦးနှင့် မုဒုံ၊ ပေါင်၊ ဘီးလင်းမြို့နယ်တို့တွင် ၁ ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။


