မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၏ ကြက်သွန်ဈေးကွက်အတွင်းသို့ ယခု ဇွန်လဆန်းပိုင်းမှစတင်ကာ ကုန်ဝင်ရောက်မှု နည်းပါးသွားခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့် မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သည့် မေလကုန်ပိုင်းအထိ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂,၁၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုဇွန်လဆန်းတွင်မူ တစ်ပိဿာလျှင် ကျပ် ၂,၆၅၀ အထိ ဈေးနှုန်းမြင့်တက်လာခဲ့သည်။လက်ရှိတွင် ရန်ကုန်ဈေးကွက်မှ ဈေးမြှင့်ဝယ်ယူနေသည့်အပြင် မြင်းခြံကဲ့သို့သော အခြားဒေသများတွင်လည်း ဈေးတက်နေကြောင်း၊ သို့သော် ကြက်သွန်အဓိကထွက်ရှိရာ ပေါက်မြို့နယ်နှင့် ပုလဲမြို့နယ်များမှ ပခုက္ကူမြို့သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းများ၌ လုံခြုံရေးအခြေအနေကြောင့် ကုန်ကားများ သွားလာရခက်ခဲကာ ကုန်ဝင်ရောက်မှု သိသိသာသာ လျော့နည်းနေခြင်းဖြစ်ကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ 


