ရန်ကုန်မြို့တွင် အများပြည်သူစီးနင်းနေသည့် City Taxi အငှားယာဉ်များအတွက် ယာဉ်စီးခစံနှုန်း သတ်မှတ်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် စစ်တမ်းကောက်ယူခြင်းကို ပြီးခဲ့သည့်ဇွန်လ ၂ ရက်နေ့မှစတင်ကာ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုကော်မတီ (YRTC) နှင့် မြို့ခံများထံမှ သိရသည်။ အဆိုပါ Google Form အွန်လိုင်းစစ်တမ်းတွင် ခရီးသည်များနှင့် ယာဉ်မောင်းများ ဝင်ရောက်ဖြေဆိုနိုင်ရန် စီစဉ်ထားပြီး ကြိုက်နှစ်သက်သည့် ကားအမျိုးအစား၊ တစ်ကြိမ်စီးလျှင် ကုန်ကျလေ့ရှိသည့် ငွေပမာဏ၊ အများဆုံးစီးသည့် ခရီးစဉ်နှင့် ယာဉ်စီးခသတ်မှတ်လိုသည့် နည်းလမ်း စသည့်အချက်များကို မေးမြန်းထားသော်လည်း စံနှုန်းသတ်မှတ်မည့် အချိန်ကာလကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။လက်ရှိ ရန်ကုန်မြို့တွင် အငှားယာဉ်များကို လက်တားစနစ်ဖြင့် ဈေးနှုန်းညှိနှိုင်းစီးနင်းခြင်း၊ မီတာစနစ်နှင့် Mobile App စနစ်တို့ဖြင့် အသုံးပြုနေကြရာ လုံခြုံရေးအရ Mobile App ဖြင့် ငှားရမ်းသူများပြားလာသော်လည်း စောင့်ဆိုင်းရခြင်းနှင့် ယာဉ်မောင်းက ခရီးစဉ်ပယ်ဖျက်ပါက နောက်တစ်ကြိမ်တွင် ကားခပိုမိုတိုးသွားခြင်း စသည့် အခက်အခဲများရှိနေသည်။ ထို့အပြင် ယာဉ်မောင်းများက စက်သုံးဆီ၊ CNG နှင့် EV (လျှပ်စစ်) ကားများအပေါ်မူတည်၍ ကုန်ကျစရိတ် ကွဲပြားမှုရှိနေခြင်းကြောင့် ယာဉ်စီးခကို တစ်သမတ်တည်း သတ်မှတ်မည်ဆိုပါက အဖက်ဖက်မှ ထည့်သွင်းစဉ်းစားပေးစေလိုကြောင်း ပြောပါသည်။
ရန်ကုန်မြို့တွင် City Taxi များအတွက် ယာဉ်စီးခစံနှုန်းသတ်မှတ်ရန် အွန်လိုင်းမှတစ်ဆင့် စစ်တမ်းကောက်ယူနေ
Jun 04 • 4:03 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 80 | 0 | 0 | 0 |


