မန္တလေးကားဈေးကွက်အတွင်း သက်တမ်း (၂၀) နှစ်ကျော်လွန်သည့် ကားများကို လျှပ်စစ်သုံးယာဉ် (EV) များဖြင့် အစားထိုးလဲလှယ်ပေးမည်ဟူသော သတင်းဂယက်ကြောင့် အရောင်းအဝယ် ရုတ်တရက် အေးစက်သွားကြောင်း ကားဝယ်ရောင်းအကျိုးဆောင်များထံမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့တွင် အဆိုပါ အစားထိုးလဲလှယ်ရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ဈေးကွက်အတွင်း ကောလာဟလများ ထွက်ပေါ်ကာ ဝယ်လက်များက ဈေးအောက်ချ၍ ညှိနှိုင်းလိုကြသော်လည်း ကားဈေးနှုန်းများမှာ ထိုးကျသွားခြင်းမရှိဘဲ ယခင်ဈေးတန်းအတိုင်း ခပ်မာမာဖြင့်သာ ဆက်ရှိနေသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း (၂၀) နှစ်ကျော်လွန်သည့် ယာဉ်များ၊ ပြင်ဆင်၍ မရနိုင်တော့သည့် ယာဉ်များနှင့် မိမိဆန္ဒအလျောက် အပ်နှံလိုသည့် ယာဉ်များကို အပ်နှံယာဉ်တန်ဖိုးနှင့်အညီ EV ကားများနှင့် အစားထိုးလဲလှယ်ပေးမည်ဟု ပါရှိသည်။ မန္တလေး လမ်း (၆၀) ကားဝိုင်း သတင်းရင်းမြစ်များအဆိုအရ လူကြိုက်များသည့် ၂၀၀၃ မော်ဒယ်လ် Land Cruiser နှင့် မတ်တူး (Mark 2) ကဲ့သို့သော ကားများမှာ သတင်းမထွက်ခင်က ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်သာ ပါးသွားခြင်းဖြစ်ကြောင်း သိရသည်။
Jun 04 • 3:52 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


