နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များ၏ ကျောင်းကြိုပို့ဖယ်ရီခများမှာ စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် ယခင်နှစ်ကထက် ဈေးနှုန်းများ တိုးမြင့်လာကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။ နေပြည်တော်ရှိ နာမည်ကြီး ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းကြိုပို့ခကို နေရာအကွာအဝေးအလိုက် သတ်မှတ်ကောက်ခံရာ၌ မနှစ်က ပညာသင်နှစ်တွင် ကျပ် ၇၅,၀၀၀ မှ ၁၈၀,၀၀၀ အထိသာ ရှိခဲ့သော်လည်း ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ကျပ် ၁၂၀,၀၀၀ မှ ၂၇၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားသည်။ထို့ပြင် အစိုးရကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် သီးသန့်ကျောင်းဖယ်ရီ မရှိသဖြင့် မိဘများစုပေါင်း၍ လပြတ်ငှားရမ်းသည့် ကျောင်းကြိုပို့ကားများမှာလည်း ဈေးနှုန်းတိုးမြှင့်လာသည်။ ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ကျောင်းသားတစ်ဦးလျှင် အကြိုအပို့ တစ်ရက်ပြေးဆွဲခ ကျပ် ၅,၀၀၀ ပေးရသော်လည်း ယခုနှစ်တွင် စက်သုံးဆီဈေးကြောင့် တစ်ဦးလျှင် ကျပ် ၁,၀၀၀ စီ ထပ်တိုးပေးရသဖြင့် တစ်ရက်လျှင် ကျပ် ၆,၀၀၀ အထိ ကျခံနေရကြောင်း သိရသည်။



