(၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် နိုင်ငံအဆင့် ပထမ (Winner) ဆု ဆွတ်ခူးခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု မအိမ့်ချစ်သူနှင့် ဂုဏ်ထူးဆောင်အဖြစ် အောင်မြင်ခဲ့ကြသူ ၄၃ ဦးတို့အား လာမည့် ဇွန်လ ၆ ရက်နေ့တွင် တစ်ခဲနက် ကြိုဆိုဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲကို ဇွန်လ ၆ ရက် (စနေနေ့) နံနက် ၉ နာရီမှစတင်ကာ ကလောမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ ပင့်ဆောင်ကာ ညနေ ၃ နာရီတွင် တောင်ကြီးမြို့တော်ခန်းမ၌ အခမ်းအနား ကျင်းပသွားမည်ဖြစ်သည်။အခမ်းအနားမကျင်းပမီ ပထမဆုရှင်နှင့် ဂုဏ်ထူးဆောင် ၄၃ ဦးတို့အား တောင်ကြီးမြို့ လမ်းမကြီးတစ်လျှောက်တွင် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြမည် ဖြစ်သည်။ ယခုကဲ့သို့ ရှမ်းပြည်နယ်ကိုယ်စားပြု သမီးငယ်တစ်ဦးက နိုင်ငံအဆင့် ပထမဆုရရှိကာ ဂုဏ်ထူးဆောင် ၄၃ ဦးအထိ ပေါ်ထွက်လာခြင်းမှာ ပြည်နယ်၏ သာသနာရေးနှင့် ပညာရေးကဏ္ဍအတွက် အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 


