ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က လာမယ့် ဩဂုတ်လအတွင်းမှာ အယ်လ်နီညိုဖြစ်စဉ် စတင်ဖြစ်ပေါ်လာနိုင်ပြီး နိုဝင်ဘာလအထိ ကြာမြင့်နိုင်တာကြောင့် ကမ္ဘာတစ်ဝန်းမှာ အပူလှိုင်းကျရောက်တာ၊ မိုးခေါင်တာ၊ ရေကြီးတာနဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ဘေးအန္တရာယ်တွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ကမ္ဘာ့ရာသီဥတုဟာ လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနေရချိန်မှာ အခုလို အယ်လ်နီညို ထပ်ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ သေချာသလောက်ရှိနေတာကြောင့် ရာသီဥတု ပိုမိုဆိုးရွားပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာအောက်ခြေ ရေပြင်အပူချိန်ဟာ ပုံမှန်ထက် ၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ သိသိသာသာ မြင့်တက်နေပြီး အဲဒီကရတဲ့ အပူစွမ်းအင်တွေက လေထုထဲကို ပျံ့နှံ့ကာ ကမ္ဘာ့မိုးလေဝသစနစ်တစ်ခုလုံးကို ကမောက်ကမ ဖြစ်စေတော့မှာ ဖြစ်ပါတယ်။
ဒီအယ်လ်နီညိုဖြစ်စဉ်ကြောင့် ဇွန်လကနေ ဩဂုတ်လအတွင်း ကမ္ဘာ့နေရာတော်တော်များများမှာ ပုံမှန်ထက် ပိုမိုပူပြင်းလာနိုင်ပြီး ဒေသအလိုက် သက်ရောက်မှုတွေလည်း ကွဲပြားနိုင်ပါတယ်။ အထူးသဖြင့် အာဆီယံဒေသတွင်းက အင်ဒိုနီးရှား၊ အာရှတိုက်တောင်ပိုင်းနဲ့ သြစတြေးလျတို့မှာ မိုးခေါင်ရေရှားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံရနိုင်ပြီး အမေရိကန်တောင်ပိုင်းနဲ့ အာဖရိကလို နေရာအချို့မှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိုင်ပါတယ်။ ဒါ့အပြင် အယ်လ်နီညိုဟာ မုန်တိုင်းဖြစ်ပေါ်မှုကိုပါ ပြောင်းလဲစေနိုင်လို့ စိုက်ပျိုးရေးထွက်ကုန်တွေကို ထိခိုက်စေပြီး လက်ရှိကြုံတွေ့နေရတဲ့ စ-စ်မက်ဖြစ်ပွားမှုတွေ၊ သွင်းကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ပေါင်းကာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းတွေကို အဆမတန် မြင့်တက်သွားစေနိုင်ပါတယ်။



