စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဧရာဝတီမြစ် တာဝါတိုင်ဆိပ်အနီးတွင် ဇွန်လ ၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်ခန့်က လူငယ် ၄ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး) ရေဆင်းချိုးခဲ့ကြရာမှ အသက် ၂၃ နှစ်အရွယ် မောင်ဟန်လင်းထွန်း ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေနစ်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ခဲ့ကြပြီး၊ ည ၇ နာရီ ၃၉ မိနစ်ခန့်တွင် တောင်ဘော်ဂါရပ်ကွက်တွင် နေထိုင်သည့် ရေနစ်သူ မောင်ဟန်လင်းထွန်း၏ ရုပ်အလောင်းကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့သဖြင့် သုခကာရီလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းမြို့ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကမ်းဘေး တကောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး၏ ပြောပြချက်အရ အဆိုပါ တာဝါတိုင်ဆိပ်၌ နှစ်စဉ်လိုလို ရေနစ်သေဆုံးမှုဖြစ်စဉ်များ ကြားသိရလေ့ရှိပြီး အထူးသဖြင့် ရေမကြီးသည့် ကာလများတွင် ရေနစ်မှု ပိုမိုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။


