ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတ-ရန်ကုန်လမ်းမကြီး၏ ဇလွန်နှင့် ဓနုဖြူကြား လမ်းပိုင်းပျက်စီးနေမှုများကို တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် မေလ ၃၁ ရက်နေ့မှစတင်ကာ အရေးပေါ် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ဇလွန်နှင့် ဓနုဖြူအကြား ၁၅ မိုင်ခန့်ရှိသည့် လမ်းပိုင်းအနက် ၅ ဖာလုံပတ်လည်အတွင်း၌ ပေ ၁၀၀ မှ ပေ ၁၅၀ ခန့်ရှိသော လမ်းပိုင်း ၅ ပိုင်းခန့်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေခြင်းဖြစ်သည်။ အဆိုပါ ပျက်စီးမှုအများဆုံးနေရာများကို လမ်းအထူးအဖွဲ့ (၂၁) က ဦးစားပေးပြင်ဆင်ပေးနေခြင်းဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ပြောကြားသည်။လတ်တလော မိုးတွင်းကာလအတွင်း ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ကနဦးအနေဖြင့် ချိုင့်ခွက်များကို ကျောက်ဖြည့်သဲညှပ်စနစ်ဖြင့် ဆောင်ရွက်ပေးနေပြီး၊ ရာသီဥတုအခြေအနေအပေါ် မူတည်၍ ကျောက်ကတ္တရာဖြင့် ဖာထေးပေးသွားမည်ဖြစ်သည်။ မိုးရာသီအလွန် ပွင့်လင်းရာသီသို့ ရောက်ရှိပါက ကတ္တရာလောင်းခြင်းနှင့် လမ်းအနိမ့်အမြင့် ညှိခြင်းလုပ်ငန်းများကို အပြီးသတ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လမ်းပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုရုံးချုပ်ထံသို့လည်း ကြိုတင်တင်ပြ ပံ့ပိုးမှုရယူထားကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ ဟင်္သာတ-ရန်ကုန်လမ်းမကြီးပေါ်ရှိ ပျက်စီးနေသည့် လမ်းပိုင်းများကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာပြင်ဆင်မှုများ စတင်
Jun 01 • 3:47 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 41 | 0 | 0 | 0 |


