ကရင်ပြည်နယ်၌ လုံခြုံရေးအခြေအနေများကြောင့် ၂၀၂၅ ခုနှစ် ဩဂုတ်လလယ်မှစ၍ ၁၀ လကျော်ကြာ ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို မေလ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ၊ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူလာပြီး စီးပွားရေးလုပ်ငန်းများ တရားဝင် ပြန်လည်လည်ပတ်လာနိုင်ရန် နယ်စပ်ကုန်သည်များနှင့် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။ လက်ရှိတွင် မြဝတီမြို့ပြင်ရှိ ကုန်သွယ်ရေးဇုန်ဝင်းအတွင်း သွင်းကုန်၊ ပို့ကုန်ကုမ္ပဏီများနှင့် ဂိုထောင်ဝင်းများ၌ ရုံးလုပ်ငန်းအဆင့်ဆင့်အတွက် စည်ပင်၊ မီးသတ်၊ အခွန် စသည့်ဌာနများက လုပ်ငန်းစစ်ဆေးရန် ပြင်ဆင်နေကြသော်လည်း၊ ကုန်စည်တင်သွင်းခွင့်ဆိုင်ရာ တရားဝင်ထုတ်ပြန်ချက် တည်ငြိမ်မှုမရှိသေးသဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိရန် အချိန်စောင့်ကြည့်ရဦးမည် ဖြစ်သည်။ တစ်ရက်လျှင် ကုန်စည်တန်ဖိုး သန်းပေါင်းများစွာ ဖြတ်သန်းပြီး နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် အဆိုပါတံတား ပြန်ဖွင့်ခြင်းကြောင့် ကုန်သည်၊ ယာဉ်မောင်းများနှင့် နယ်စပ်ဖြတ်ကျော် အလုပ်သမားများ၏ သွားလာရေးလုပ်ငန်းများ ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။



