စင်ကာပူနိုင်ငံအခြေစိုက်
အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASMC) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် တောမီးနှင့် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှု (Fire Hotspot) ဖြစ်ပေါ်မှုသည် ယခုနှစ် ဇန်နဝါရီလမှ မေလ ၁၆ ရက်အထိ ကာလအတွင်း ၂၀၂၅ ခုနှစ်ထက် ၁ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်း တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီမှ သိရသည်။ သို့သော် အဆိုပါ ဖြစ်ပေါ်မှုသည် ၂၀၂၄ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မဲခေါင်ဒေသခွဲ၌ စိုစွတ်သော ရာသီဥတုကြောင့် Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများ လျော့ကျသွားခဲ့သည်။ လာမည့်လများတွင် အနောက်တောင်မုတ်သုံလေ ဝင်ရောက်လာတော့မည်ဖြစ်၍ ဒေသတွင်း နေရာအနှံ့ မိုးရွာသွန်းမည်ဟု ခန့်မှန်းထားပြီး၊ ခြောက်သွေ့ရာသီ ကုန်ဆုံးသွားပြီဖြစ်၍ ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်မှစတင်ကာ မဲခေါင်ဒေသအတွက် သတိပေးချက်ကို အဆင့် ၁ မှ အဆင့် ၀ သို့ လျှော့ချသတ်မှတ်လိုက်ကြောင်း သိရသည်။


