ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းရေးအတွက် အဓိကအားထားအသုံးပြုနေရသည့် ဟင်္သာတ-ရန်ကုန် လမ်းမကြီးပေါ်ရှိ ဇလွန်မြို့နှင့် ဓနုဖြူမြို့ကြား လမ်းပိုင်းမှာ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးမှုများ ပိုမိုဆိုးဝါးလာကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။အဆိုပါလမ်းပိုင်းရှိ အချို့နေရာများတွင် ကတ္တရာလမ်းမပေါ်တော့ဘဲ ချိုင့်ခွက်ကြီးများ နက်ရှိုင်းစွာ ဖြစ်ပေါ်နေသဖြင့် ယာဉ်မောင်းသူများအနေဖြင့် မိမိလမ်းကြောအတိုင်း မောင်းနှင်ရန် ခက်ခဲနေသည်။ လမ်းအခြေအနေ မကျွမ်းကျင်သည့် ယာဉ်မောင်းများအနေဖြင့် လမ်းကောင်းရာမှ ရုတ်တရက် ချိုင့်ခွက်များနှင့် တိုးမိပါက တစ်စီးတည်း တိမ်းမှောက်နိုင်သည့်အပြင် ရှေ့ဆင့်နောက်ဆင့် ယာဉ်တိုက်မှုများပါ ဖြစ်ပွားနိုင်သဖြင့် မိုးရာသီကာလအတွင်း ပိုမိုအန္တရာယ်များပြားလာနိုင်ကြောင်း ဒေသခံတစ်ဦးက ထောက်ပြထားသည်။ထို့ပြင် အဆိုပါလမ်းမကြီးမှာ ခရီးသည်နှင့် ကုန်စည်များအတွက်သာမက မြို့နယ်အသီးသီးမှ လူနာများကို ရန်ကုန်မြို့သို့ အရေးပေါ်လွှဲပြောင်းရာတွင်လည်း အဓိကအသုံးပြုနေရသည့် လမ်းပိုင်းဖြစ်သည်။ ဟင်္သာတနှင့် ဇလွန်ကြားတွင် နာရီဝက်ခန့်သာ မောင်းနှင်ရသော်လည်း ဇလွန်နှင့် ဓနုဖြူကြားတွင်မူ လမ်းပျက်စီးမှုကြောင့် အချိန်အတော်ကြာ နှောင့်နှေးနေရပြီး၊ အရေးပေါ်လူနာများအတွက်ပါ ထိခိုက်အဆင်မပြေမှုများ ဖြစ်ပေါ်နေရသည်။ လက်ရှိတွင် ယာဉ်ကြံ့ခိုင်မှုကိုပါ ထိခိုက်စေသည့် လမ်းဆိုးများ ပိုမိုများပြားလာသော်လည်း တစ်စုံတစ်ရာ ပြုပြင်ပေးမည့် အခြေအနေ မတွေ့ရသေးကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။


ဧရာဝတီတိုင်း၊ ဟင်္သာတ-ရန်ကုန် လမ်းမကြီးပေါ်ရှိ ဇလွန်နှင့် ဓနုဖြူကြား လမ်းပိုင်း ပျက်စီးမှု ပိုမိုဆိုးဝါးလာနေ
May 31 • 3:40 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 60 | 0 | 0 | 0 |


