စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အသောကလမ်းရှိ နေအိမ်တစ်အိမ်တွင် တရားမဝင် အိန္ဒိယနိုင်ငံထုတ်ကုန်ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိ တရားမဝင်ကုန်ပစ္စည်း ၅ မျိုးနှင့်အတူ အိမ်ငှားဖြစ်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် Ovaltine ၁၀၅ ဖာ၊ LUX ဆပ်ပြာ ၁၈ ဖာ၊ Lifebuoy ဆပ်ပြာ ၁၂ ဖာ၊ Colgate သွားတိုက်ဆေး ၁၁ ဖာနှင့် Vatika ခေါင်းလျှော်ရည် ၂၅၀ ဖာတို့ ပါဝင်ပြီး၊ လက်ရှိတွင် ဖမ်းဆီးရမိသူကို မုံရွာနယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။ မုံရွာမြို့တွင် ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းကလည်း ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် အိန္ဒိယကုန်ပစ္စည်းများကို မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ဖူးသည်။လက်ရှိအစိုးရ၏ ရက် ၁၀၀ စီမံချက်အရ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးဆောင်ရွက်ချက်အဖြစ် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။



