ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ မိုင်းကိုင်နှင့် မိုင်းပန်မြို့နယ်တို့တွင် ဒေသထွက် ရာသီပေါ်စနာနတ်သီးများ စတင်ဆွတ်ခူးရောင်းချချိန်၌ တစ်လုံးလျှင် ကျပ် ၁,၅၀၀ မှ ၁၀,၀၀၀ အထိ ဈေးကောင်းရရှိနေသော်လည်း ကုန်ကျစရိတ်များပြား၍ တောင်သူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရသည်။ အရည်အသွေးကောင်းမွန်၍ လူကြိုက်များသည့် အဆိုပါနာနတ်သီးများမှာ အထွက်နှုန်း ပုံမှန်ရှိပြီး ဝယ်လိုအားကောင်းနေသော်လည်း၊ စိုက်ပျိုးစဉ်ကတည်းက သုံးစွဲခဲ့ရသည့် မြေဩဇာနှင့် ဆေးဝါးဈေးနှုန်းများ ကြီးမြင့်မှုအပြင် လက်ရှိဆွတ်ခူးချိန်တွင်လည်း နေ့စားလုပ်အားခများ ပိုမိုပေးဆောင်နေရခြင်း ဖြစ်သည်။
ထို့ပြင် စက်သုံးဆီဈေးကြီးမြင့်မှုနှင့် လမ်းခရီးအခြေအနေများကြောင့် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများသို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေး (ကားခ) စရိတ်များ အဆမတန် မြင့်မားနေသည်။ ထိုသို့ ကားခများ တရိပ်ရိပ်တက်နေခြင်းကြောင့် ခြံဖမ်းဈေးနှင့် တွက်ချက်ပါက အရင်းကျေရုံသာရှိပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ရင်းနှီးပင်ပန်းခဲ့ရသလောက် အမြတ်အစွန်း ထင်သလောက်မကျန်ဘဲ အခက်အခဲဖြစ်နေကြကြောင်း သိရသည်


