အစ္စရေးနိုင်ငံအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် အဆက်အဆံ အားလုံးဖြတ်တောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက မေ ၂၈ ရက်တွင် ကြေညာလိုက်သည်။ကုလသမဂ္ဂနှစ်စဉ်အစီရင်ခံစာတစ်ရပ်တွင် စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်မှုဖြင့် အစ္စရေးနိုင်ငံကို နာမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးနောက် ကုလအကြီးအကဲနှင့် အဆက်အဆံအားလုံး ဖြတ်တောက်မည်ဖြစ်ကြောင်း အစ္စရေးကကြေညာခဲ့ခြင်းဖြစ်သည်။စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စစ်လက်နက်အဖြစ်အစ္စရေးနိုင်ငံက အသုံးချနေသည် ဟူသောစွပ်စွဲချက်မှာ မိမိတို့အတွက် လုံး၀လက်သင့်ခံနိုင်ဖွယ်မရှိသော စွပ်စွဲချက်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က ပြောကြားထားသည်။ မိမိတို့အနေဖြင့် ကုလသမဂ္ဂအကြီးအကဲအဖြစ် အန်တိုနီယိုဂူတာရက်စ်တာဝန်ရ ယူထားစဉ် အတွင်း အစ္စရေးနှင့် အတွင်းရေးမှူးချုပ်ရုံးတို့အကြား ဆက်ဆံရေးကိုဖြတ်တောက်မည်ဖြစ်ကြောင်း ဒန်နီဒါနွန်က ပြောကြားခဲ့သည်။မေ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော စာမျက်နှာ ၃၅ မျက်နှာပါ အစီရင်ခံစာတွင် ကုလသမဂ္ဂက အစ္စရေးနှင့် ရုရှားတို့ကို စစ်မြေပြင်၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူနိုင်ငံများစာရင်းတွင် ထည့်သွင်းထား ကြောင်း သိရသည်။



