ရန်ကုန်-ဒလ ဘက်ကို ကူးသန်းနေသည့် စက်လှေတစ်စီးသည် ယမန်နေ့ ညနေပိုင်းက တိမ်းမှောက်မှုဖြစ်ပွားပြီး လူ (၃) ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ယမန်နေ့ မေလ (၂၈) ရက်၊ ည (၇) နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေမောင်းသူ အပါအဝင် (၃) ဦးပျောက်ဆုံးနေပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။“မှောက်တာတော့ ဟုတ်တယ်၊ သုံးယောက်ကိုတော့ အခုထိ မတွေ့သေးဘူး။ ကားတင်တဲ့ ဇက်နဲ့ တိုက်မိပြီး မှောက်တယ်လည်း ကြားတယ်၊ အကြောင်းရင်းတော့မသိပေ့မယ် မှောက်တာကတော့ တကယ်ပါ” ဟု ဒလမြို့နယ် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ရန်ကုန်မော်တင်ဆိပ်ကမ်းမှ ဒလမြို့ မှော်စက်ရပ်ကွက်သို့ သွားသည့် သမ္ဗန်စက်လှေတစ်စင်းတိမ်းမှောက်ခြင်းဖြစ်ပြီး ပျောက်ဆုံးသူများကို တာဝန်ရှိသူနှင့် အဖွဲ့အစည်းများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။အဆိုပါ စက်လှေပေါ်တွင် စုစုပေါင်း (၁၂) ဦး လိုက်ပါလာခဲ့ ပြီး (၉) ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။


