ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် ပထမအဆင့်အဖြစ် ဆောက်လုပ်ပြီးစီးထားသော (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၁၉၄ လုံး၏ မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ပြီးစီးပါက ပြည်သူများအတွက် ထပ်တိုးအခန်းပေါင်း ၇၇၆ ခန်း ထပ်မံငှားရမ်း နေထိုင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မေလ ၂၈ ရက် နံနက်ပိုင်းက အဆိုပါ အိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ အမြန်ပြီးစီးရေး မှာကြားခဲ့သည်။ လက်ရှိတွင် သုခဒဂုံအိမ်ရာ၌ အခန်းပေါင်း ၃,၁၀၄ ခန်းကို ပြည်သူများ ငှားရမ်းနေထိုင်လျက်ရှိပြီး၊ နေထိုင်သူများ အဆင်ပြေစေရန် ဆေးပေးခန်း၊ နေ့ကလေးထိန်းကျောင်း၊ သုခဒဂုံဈေး အပြင် မော်တော်ယာဉ်လိုင်း ၅ လိုင်းနှင့် ယာဉ်ရပ်နားကွင်းတို့ကိုပါ ထည့်သွင်းတည်ဆောက်ပေးထားကြောင်း သိရသည်။
May 29 • 8:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 26 | 0 | 0 | 0 |


