ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်ရှိ လွယ်ကောင်းရွာတွင် ကြက်ဥအတုဟု ယူဆရသော ကြက်ဥများ ဝယ်ယူစားသုံးမိပြီးနောက် ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။တောင်ကြီးမြို့အတွင်း အဆိုပါကြက်ဥများကို တစ်သောင်းဖိုး အလုံးသုံးဆယ် ဟုဆိုကာ လိုက်လံရောင်းချခြင်းအား ဝယ်ယူခဲ့ခြင်းဖြစ်သည်။“ကျွန်တော်တို့ လွယ်ကောင်းရွာတစ်ရွာလုံး ဗိုက်အောင့်နေကြပြီ ချွေးတွေလည်း တစ်ကိုယ်လုံးထွက်နေတယ် ကိုယ်တိုင်လည်း ဒီနေ့မနက် အိမ်သာထဲမှာ အော်ဟစ်နေရတဲ့အထိ ဖြစ်ခဲ့ရပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ကြက်ဥအတုဟု ယူဆရသော အဆိုပါကြက်ဥများကို တောင်ကြီးစျေးအပြင် အောင်ပန်းစျေး၊ ဇလဲစျေးနှင့် ညောင်ရွှေစျေးများအထိ လိုက်လံရောင်းချခဲ့နေကြောင်း သိရသည်။



