အေးသာယာမြို့၊ အေးသီရိဈေးအနီး ဖွင့်လှစ်ထားသော ဖုန်းဆိုင်တစ်ဆိုင် အပါအဝင် ဖုန်းဆိုင် ၂ ဆိုင်တွင် မေလ ၁၁ ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖုန်းဆိုင် ၂ ဆိုင်မှ ကွန်ပျူတာ ၁ လုံးနှင့် iPhone ၄ လုံး ခိုးယူခံခဲ့ရခြင်းဖြစ်သည်။အဆိုပါ ဖောက်ထွင်းခိုးယူခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ ယမန်နေ့ မေလ ၁၂ ရက်၊ ညပိုင်းတွင် အေးသာယာမြို့၊ ရပ်ကွက် (၉)၊ ဇောတိကရာမ ဘုန်းကြီးကျောင်း လမ်းမပေါ်၌ မင်းကို၊ ထွန်းထွန်းနှင့် သဲစုဝေ ဆိုသူတို့ ၃ ဦးအား ခိုးယူခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အေးသာယာ အပါအဝင် တောင်ကြီးမြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဂရုပြုကြရန် မြို့ခံများအကြား အချင်းချင်းသတိပေးမှုများ ရှိနေသည်။



