မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျူတောဝ အုပ်စု၊ အင်ကြင်းကုန်းကျောင်း သိမ်ကျောင်း အတွင်း မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ လူငယ် စုံတွဲကို အမှုဖွင့် အရေးယူထားတယ်လို့ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖြေကြားထားပါတယ်။အခုလို ဗုဒ္ဓဘာသာ ကိုးကွယ်ဝတ်ပြုရာ ဘုရားကျောင်းဝန်း၊ သိမ်တော်ဆိုတာကို သိလျက် နဲ့ သိမ်ကျောင်းဆောင်ထဲ ကျူးကျော်ဝင်ရောက်ပြီး မဖွယ်မရာ လုပ်ခဲ့တဲ့ အမျိုးသား နဲ့ အမျိုးသမီး တို့ကို ဥပဒေအရ အရေးယူပေးဖို့ ကျေးရွာ တာဝန်ရှိသူတွေက တိုင်ကြားခဲ့တာလို့ ဖြေကြားချက်မှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၂၀ ရက်က ပျော်ဘွယ်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပြီး စုံစမ်း စစ်ဆေးမှု တွေ ပြုလုပ်နေတယ်လို့ ဖြေကြားချက်အရ သိရပါတယ်။



