ရွှေတိဂုံစေတီတော်တွင် မြန်မာ့ရိုးရာထမနဲပွဲတော်ကြီးကို လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လာရောက်အားပေးနိုင်သလို ပါဝင်ဆင်နွှဲကုသိုလ်ပြုနိုင်ကြောင်း သိရသည်။အဆိုပါ ထမနဲပွဲတော်အတွက် တစ်ဒယ်လျှင် ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းသည့်အလှူရှင်များကို ဂေါပကအဖွဲ့မှ ထမနဲလက်ဆောင် ၄ ပုံ ၁ ပုံ ပြန်လည်ပေးအပ်မည်ဟုလည်း ဂေါပကအဖွဲ့မှ ဆိုထားသည်။နှစ်တိုင်းလုပ်နေတဲ့ အရှေ့ဘက်မုခ်စောင်းတန်းနားက ထန်းပင်ကုန်းကွင်းမှာပဲလုပ်ကြမှာပါ၊ အဖိတ်နေ့ ညနေ ၃ နာရီလောက် စတင်မယ်၊ စေတီတော်ကြီးမှာရှိတဲ့ ဘာသာရေးဝတ်အသင်းတွေ၊ ဝန်ထမ်းတွေအတူ ထမနဲထိုးပြိုင်တာတွေလည်း ပါဝင်မယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။တပို့တွဲလပြည့်ဖြစ်သော ဖေဖော်ဝါရီလ ၁ ရက် နံနက် ၅ နာရီတွင် စေတီတော်ကြီးထံ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ထမနဲများ၊ မုန့်များ၊ သစ်သီးများကိုလည်း ကပ်လှူမည်ဖြစ်ကြောင်း၊ ထိုဆွမ်းတော်ကြီးကပ်လှူပွဲ အတွက် သစ်သီး၊ ဆွမ်း၊ မုန့်ဆွမ်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်များကို ချမ်းသာကြီးတန်ဆောင်းသို့ ပေးပို့လှူဒါန်းနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။ထမနဲအလှူရှင်များအတွက် ထမနဲလက်ဆောင်ကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁ ရက် နံနက်အထိ တစ်ဒယ်လျှင် ၄ ပုံ ၁ ပုံနှုန်း လက်ဆောင်ပြန်လည်ပေးဝေရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။ လတ်တလောတွင် ယင်းပွဲတော်အတွက် အလှူခံဌာနကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ထမနဲပွဲတော်အတွက် လွန်ခဲ့သော ၂၀၂၄ ခုနှစ်လောက် တစ်ဒယ်လျှင် ၆၅,၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်၍အလှူတော်လက်ခံခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်မှစတင်ကာ တစ်ဒယ်လျှင် ကျပ်တစ်သိန်းနှုန်း သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။ရွှေတိဂုံစေတီတော်ကြီးတွင် မြန်မာပြက္ခဒိန်လများအလိုက် ဘာသာရေးဆိုင်ရာ ပွဲတော်များကိုကျင်းပလျက်ရှိရာ ယခုအခါ တပို့တွဲလအတွက် ထမနဲပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆင်ယင်ကျင်းပရန် ပြင်ဆင်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။



