ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက Satun ခရိုင်၊ La-ngu မြို့နယ်မှာ ရပ်ထားတဲ့ ကားနဲ့ ဆိုင်ကယ် ၁၉ စီးကို ကျောက်ခဲတွေ၊ တူးရွင်းပြားတွေနဲ့ လိုက်လံထုရိုက် ဖျက်ဆီးခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် ကိုစော အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ဖ-မ်းဆီးရမိခဲ့ပါတယ်။ဖြစ်စဉ်က မနက် ၃ နာရီလောက်မှာ စတင်ခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းတွေအရ သူဟာ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေကို ကျောက်ခဲနဲ့ စထုခဲ့ပါတယ်။ အဲဒီနောက် ၂၉ လက်မလောက်ရှည်တဲ့ သံလက်ကိုင်ပါ တူးရွင်းပြားကို ပြောင်းလဲကိုင်ဆောင်ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို ဆက်လက်ရိုက်နှက် ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း ကားနဲ့ ဆိုင်ကယ် ၁၉ စီး ပျက်စီးခဲ့တယ်လို့ CH7 News က ဖော်ပြထားပါတယ်။ကျယ်လောင်တဲ့ အသံတွေကြောင့် ဒေသခံတွေ နိုးလာခဲ့ပေမယ့် သူကက လက်နက်ကိုင်ဆောင်ထားပြီး ရန်လိုနေတာကြောင့် အပြင်ထွက်မတားရဲခဲ့ကြပါဘူး။ La-ngu ရဲစခန်း က ရဲတပ်ဖွဲ့ဝင်တွေက တစ်နာရီအတွင်းမှာပဲ ခြေရာခံဖ-မ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာမှာ သုံးခဲ့တဲ့ ပစ္စည်းကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ ဖ-မ်းဆီးမိကြောင်း သတင်းကြားတာနဲ့ ဒေသခံတွေက ရဲစခန်းမှာ လာရောက်စုဝေးပြီး မကျေမနပ် ပြောဆိုခဲ့ကြပါတယ်။စစ်ဆေးချက်တွေအရ ကျူးလွန်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသလို တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ နိုင်ငံထဲကို ဝင်ရောက်နေထိုင်သူ ဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိရပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က ပိုင်ဆိုင်မှုပစ္စည်း ဖျက်ဆီးမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုဆိုတဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။



