ယခု ၂၀၂၆ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ပြီး လူစီးကားများကို ၂၀၂၅ ခုနှစ် မှ ၂၀၂၆ ခုနှစ်အတွင်း ထုတ်လုပ်ထားသောယာဉ်များသာ တင်သွင်းရတော့မယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ယခု အမိန့်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ခ) အရ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားတာဖြစ်ပြီး ထုတ်လုပ်သည့် ခုနှစ် သတ်မှတ်ချက်တွင် လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ(ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်)အတွက် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ၊ မီးသတ်နှင့် လူနာတင်ယာဉ်များ၊ ယန္တရားများအတွက် ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် အထိ တင်သွင်းခွင့်ပြုထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များအတွက် တင်သွင်းရာတွင် လက်ဝဲစတီယာရင် ယာဉ်များသာတင်သွင်းခွင့်ပြုမှာဖြစ်သလို အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင် အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် (၂၀၁၂ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင်သွင်းခွင့်ပြုမယ်လို့လည်း သိရပါတယ်။ယခု အမိန့်ကြေငြာစာထုတ်ပြန်ချက်ဟာ လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပြီး မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်လို့ လက်ရှိ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးနေတယ်လို့ လည်း ဝန်ကြီးဌာနမှ ပြောကြားထားပါတယ်။



