ပြည်တွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ၁၀ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ကျင်းပသည်။အစည်းအဝေးသို့ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။အစည်းအဝေးတွင်
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာ ပိုမိုထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်နှစ်ဘဏ်သာမက ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ကိုလည်း PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ PFI ဘဏ် များအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေ ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ကြရန်၊ မိမိတို့ ထုတ်ချေးပေးထားသည့် ချေးငွေများ ထိရောက်စွာအသုံးပြုမှုရှိ၊ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များက ပြန်လည်ပေးသွင်းရန် အချိန်စေ့ရောက်သည့် ချေးငွေအရင်း၊ အတိုးများကို ပုံမှန်ပေးဆပ်စေရေးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။



