ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ နှစ်ရက်တာအတွင်း ခရီးသွားလာခွင့် စာရွက်စာတမ်းမရှိသည့် မြန်မာနိုင်ငံသား ၄၂ ဦးကိုဖမ်းဆီးခဲ့ကြောင်း
တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရသိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တာ့ဆိုင်လွတ်ကျေးရွာအုပ်စု၊ အမှတ် (၂) ရပ်ကွက်ရှိ တောစပ်တစ်ခုအနီးတွင် နိုင်ငံကူးလက်မှတ်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး၊ သာ့ဆိုင်လွတ်ကျေးရွာအုပ်စု၊ အမှတ် (၆) ရပ်ကွက်၊ ဟွေမွန့်ကျေးရွာရှိ လမ်းဘေးတစ်နေရာတွင် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း အယုဒ္ဓယမြို့နယ် အဝေးပြေးလမ်းမကြီးတနေရာတွင် တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးအား တင်ဆောင်လာသည့် ကားတစီးနှင့် ဟွေမွန့်ကျေးရွာရှိ လမ်းဘေးတစ်နေရာတွင် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသား ၆ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။


