တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာတွင် WY စိတ်ကြွမူးယစ်ဆေးဝါး တစ်သောင်းခြောက်ထောင်ကျော် ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ထားသည်။ ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးရာ WY စိတ်ကြွမူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနှင့် သုံးစွဲသူ ၂ ဦး ဖမ်းဆီးရမိခဲ့တာဖြစ်ပါသည်။၎င်းတို့ ၆ ဦးကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်ပြီးပါက နောက်ထပ်မရောင်းချရန်နှင့် သုံးစွဲတော့မည်မဟုတ်ကြောင်း ခံဝန်ထိုးပြီးမှ ပြန်လွှတ်မည်ဟု တာဝန်ခံက ဆိုသည်။ဖမ်းဆီးရမိသည့် မူးယစ်ဆေးရောင်းချသူနှင့် သုံးစွဲသူများထံမှ WY စိတ်ကြွဆေး ၁၆,၄၀၀ ပြားခန့်၊ ICE ဟုခေါ်သည့် မူးယစ်ဆေး ၁ ဂရမ်နှင့် ကျည်ဆန်များ အပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှ ရရှိထားသည်ဟု ယူဆရသည့် ထိုင်းဘတ်ငွေ ရှစ်သောင်းခုနစ်ထောင်ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



