ရခိုင်ပြည်နယ်မှ ကူးတို့လေလံတွေဆွဲရာမှာ စျေးကြီးပေးပြီး အပြိုင်အဆိုင် လေလံဆွဲနေကြတာကြောင့် ပြည်သူတွေ ခရီးသွားလာရေးမှာ အခက်ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မင်းပြားမြို့နယ် အထက်သင်္ဂနက်ကျေးရွာ ကူးတို့လေလံကို ဒီနှစ်အတွက် သိန်း ၅၀၀ ကျော်နဲ့ဆွဲယူသွားပြီးနောက် ကူးတို့ခမှာ လူတစ်ဦးကို အသွားအပြန် ၄၀၀၀ ကျပ် ကောက်ခံနေတာကြောင့် သာမာန် ဒေသတွင်း ပြည်သူတွေအဖို့ ခရီးသွားလာရာမှာ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောကြားပါတယ်။ “ ဒီနှစ် ကျွန်တော်တို့ ရွာနားကမြစ်ကူးတို့လေလံဆွဲရာမှာ လေလံစျေးကသိန်း ၅၀၀ ကျော်သွားပါတယ်။ ဒီလောက်စျေးမကြီးသင့်ဘူးလို့ မြင်ပါတယ်။ ပြောချင်တာက လေလံစျေးကြီးတော့ ကူးတို့ခလည်း စျေးတက်သွားပါတယ်။ ဒါကို ပြည်သူတွေက ကျခံနေရပါတယ်။ လူတစ်ယောက် အသွားအပြန် ၄,၀၀၀ ကျပ်ထိ တက်သွားပါတယ်။ မရှိတဲ့ လူတွေအတွက် ၄,၀၀၀ ကျပ်ဆိုတာ မလွယ်ပါ။ ဒါကြောင့် ဒေသခံရွာသားတွေ ခရီးသွားလာရာမှာ အခက်အခဲဖြစ်နေပါတယ်”လို့ပြောပါတယ်။



