ရန်ကုန်၌ရပ်ကွက်များအတွင်း ပြေးဆွဲနေသာ မီးရောင်စုံအလှဆင်ထားသည့် သုံးဘီးဆိုင်ကယ်များကို ညပိုင်းအချိန်များ၌ အပျော်သဘောမျိုးဖြင့် ငှားရမ်းစီးနင်းသူများပြားလာကြောင်း စီးနင်းသူများနှင့် သုံးဘီးမောင်းသူများထံမှ သိရသည်။သုံးဘီးဆိုင်ကယ်တွင် မီးရောင်စုံဆင်ယင်ပြီး ရပ်ကွက်များအတွင်း ညပိုင်းအချိန်၌သာပြေးဆွဲနေသော အဆိုပါသုံးဘီးဆိုင်ကယ်များကို ကလေးငယ်များနှင့်အတူ အုပ်ထိန်းသူလူကြီးအချို့ပါ ရပ်ကွက်အတွင်း အပျော်သဘောဖြင့် လှည့်လည်စီးနင်းကြခြင်းဖြစ်သည်။ "ရပ်ကွက်ထဲမှာ မီးရောင်စုံအလှဆင်ထားတဲ့ သုံးဘီးဆိုင်ကယ်တွေ တော်တော်လေးတွေ့လာရတယ်။ စီးတဲ့သူလည်း များတယ်။ ညခြောက်နာရီနောက်ပိုင်းဆို တွေ့ရပြီ။ အသံချဲ့စက် ဆောင်းဘောက်စ်လေးလည်းပါတော့ သီချင်းလေးနားထောင်ရင်း ရပ်ကွက်တစ်ပတ် လေညင်းခံထွက်စီးကြတာများတယ်။ တချို့ကလည်း ဘေးတွဲဆိုင်ကယ်တွေကို မီးရောင်စုံအလှဆင်ပြီး ပြေးဆွဲတာရှိတယ်။ သူကတော့လူနည်းနည်းပဲဆန့်တယ်။ အဲ့လို စီးရတာကို ကလေးတွေက ကြိုက်တယ်။ အိမ်ထဲမှာနေရတာ ပျင်းတဲ့လူတွေ၊ ကလေးတွေကို ဟိုဟိုဒီဒီမပို့နိုင်တဲ့ သူတွေအတွက်တော့ အဆင်ပြေတယ်”ဟု သာကေတမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါ သုံးဘီးဆိုင်ကယ်များသည် ရပ်ကွက်အတွင်း လှည့်ပတ်ရာတွင် နေရာစုံ၊ လမ်းအစုံ လှည့်ပတ်မောင်းနှင်ပေးပြီး အချိန်အားဖြင့် မိနစ် ၂၀ မှ နာရီဝက်လောက်အထိ ကြာမြင့်လေ့ရှိကြောင်း၊ ထိုသို့အချိန်ကြာကြာ လှည့်ပတ်မောင်းနှင်ပေးခြင်းကြောင့် စီးနင်းသူများအနေဖြင့် စိတ်အပန်းဖြေခြင်းတစ်မျိုးအဖြစ် ခံစားရရှိစေကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။



