လက်ရှိ ပြည်တွင်း အသုံးပြုမှု နည်းနေပြီး နိုင်ငံတကာစျေး ကျဆင်းနေသဖြင့် ပြည်တွင်းစျေးပါ လိုက်လံကျဆင်းနေခြင်း ဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။“နိုင်ငံတကာစျေး ကျနေလို့ ပြည်တွင်းစျေးလည်း ကျနေတာပါ။ အရင်နှစ်တွေမှာ ဒီလိုကာလရောက်ရင် စျေးတွေ ပြန်တက်နေကျ ဖြစ်ပေမယ့် ဒီနှစ်ကတော့ စျေးကျနေပါတယ်။ ကြံကြိတ်ရာသီ ရောက်တော့မယ်ဆိုတော့ ကြံစျေးကို စျေးတိုးဝယ်မယ်လို့ မထင်ပါဘူး။ စောင့်ကြည့်ရမယ့် အနေအထားပါ” ဟု သကြားကုန်သည်တစ်ဦးက ပြောသည်။သကြားစျေးမှာ ပြီးခဲ့သည့်လအတွင်း တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ကျော်မှ ၅,၀၀၀ နီးပါးအထိ ရှိခဲ့ပြီး လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ကျော်သာ ပေါက်စျေးရှိတော့ကြောင်း သိရပါသည်။ပြီးခဲ့သည့်နှစ်များတွင် သကြားစျေးကောင်းရခဲ့သည့်အတွက် ကြံကို တိုးချဲ့စိုက်ပျိုးလာကြကြောင်းလည်း ကြံစိုက်တောင်သူများထံမှ သိရပါသည်။လက်ရှိတွင် သကြားကို ပြည်တွင်းအသုံးပြုမှု လျော့ကျနေသဖြင့် လက်ကျန်ပမာဏများနေပြီး ပြည်ပဝယ်လက်နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှလည်း သိရပါသည်။



