မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ၈၆ ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ ဘုရားဖူးဧည့်သည်များ တည်းခိုစားသောက်မှု အဆင်ပြေစေရန်အတွက် မန်းချောင်းသောင်ပြင်ပေါ်တွင် တည်းခိုဆောင် ၅၁၉ ခန်းနှင့် ဈေးဆိုင်ခန်း ၇၇၉ ခန်းကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ တည်းခိုဆောင်ခများအဖြစ် VIP အခန်းများကို တစ်ရက်လျှင် ၁၁၀,၀၀၀ ကျပ်၊ ရိုးရိုးရေစပ်ခန်းများကို ၈၀,၀၀၀ ကျပ်မှ ၆၀,၀၀၀ ကျပ်နှင့် ကုန်းပေါ်ခန်းများကို ၄၀,၀၀၀ ကျပ်ဟူ၍ အသီးသီးသတ်မှတ်ထားပြီး သတ်မှတ်ဈေးထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီက အသိပေးထားသည်။ ထို့ပြင် ဘုရားဖူးများ သွားလာရေးလွယ်ကူစေရန် ယာယီဘေလီတံတားတစ်စင်း တပ်ဆင်ပေးထားသည့်အပြင် မင်းဘူး-ရွှေစက်တော်နှင့် ဆင်စခန်းခရီးစဉ်များအတွက်လည်း မော်တော်ယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


