တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး ရှုခင်းကြည့် Sightseeing ရထားခရီးစဉ်ကို အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တို့တွင် ပြေးဆွဲပေးလျက်ရှိရာမှာ ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်းမှာ စီးနင်းသူများပြားခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။အဆိုပါရှုခင်းကြည့်ရထားခရီးစဉ်ကို ပြီးခဲ့တဲ့ ခရစ္စမတ်ရုံးပိတ်ရက်ကာလဖြစ်သည့် ဒီဇင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်တိုင်တိုင်ပြေးဆွဲပေးခဲ့ရာမှာ စီးနင်းမှုများပြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ရထားစီးနင်းမှုအနေဖြင့် ဒီဇင်ဘာလ ၂၅ ရက်တွင် ရိုးရိုးတန်း ခရီးသည် ၃၇၂ ဦး၊ အထက်တန်း ခရီးသည် ၁၂၀ ဦး စုစုပေါင်း ၄၉၂ ဦး၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ရိုးရိုးတန်း ခရီးသည် ၁၈၆ ဦး၊ အထက်တန်း ခရီးသည် ၆၀ ဦး စုစုပေါင်း ၂၄၆ ဦး၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ရိုးရိုးတန်း ခရီးသည် ၃၅၇ ဦး၊ အထက်တန်း ခရီးသည် ၁၂၀ ဦး စုစုပေါင်း ၄၇၇ ဦးနှင့် ဒီဇင်ဘာလ ၂၈ ရက်တွင် ရိုးရိုးတန်း ခရီးသည် ၁၈၆ ဦး၊ အထက်တန်း ခရီးသည် ၆၀ ဦး စုစုပေါင်း ၂၄၆ ဦး အသီးသီးလိုက်ပါ စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်တောင်ကြီး-ပေါမူခရီးစဉ်မှာ ၁၁ ဒသမ ၄၁ မိုင်ကွာဝေး၍ ပြေးဆွဲပြေးချိန် ၁ နာရီခွဲခန့်ကြာမြင့်ပြီး တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင်ထွက်ခွာကာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများ ကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ်ရပ်တန့်ပေးပြီး ပေါမူဘူတာသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိ၍ ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်ပေးကာ ပေါမူဘူတာမှ နံနက် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာ၍ တောင်ကြီးဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိတယ်လို့ သိရပါတယ်။တောင်ကြီးဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင်ထွက်ခွာသည့် ခရီးစဉ်တွင် တောင်ကြီးဘူတာသို့ ညနေ ၅ နာရီပြန်လည်ရောက်ရှိကြောင်းနှင့် ပြေးဆွဲသည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ ၂,၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း ၃ တွဲ၊ ရိုးရိုးတန်း ၂ တွဲနှင့် ရထားထိန်းတွဲတစ်တွဲဖြစ်ပြီး တောင်ကြီး-ပေါမူ အသွား/အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ အထက်တန်းတွဲအတွက် တစ်ဦးလျှင်ငွေကျပ် ၁၀,၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅,၀၀၀ ဖြစ်ကြောင်း သိရပါတယ်။အဆိုပါ တောင်ကြီး-ပေါမူ အသွား/အပြန်ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့်ဝန်ဆောင်မှု လုပ်ငန်းများမှ ရထားအဆိုင်းလိုက်တစ်စင်းလုံး ငှားရမ်းလိုပါကလည်း စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။



