ထိုင်းဂျက်မားဟု ခေါ်ဆိုစေသော ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီး ပရာဆစ်ဂျီရော်ကုတ်ကို ထိုင်းရာဇဝတ်တရားရုံးမှ ပြည်သူများစွာထံမှ ငွေကြေးများစွာ လိမ်လည်ခဲ့မှု ကြောင့် သမိုင်းတွင် ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ်ပေါင်း ၁၂၁၀ ချမှတ်လိုက်ပြီဖြစ်သည်။ထိုင်းစစ်တပ်နှင့် အလွန်နီးစပ်သည့်အပြင် ထိုင်းတော်ဝင်ဘုရင်မိသားစုနှင့်ပါ ပတ်သက်သူဟု သိရသော ပရာဆစ်သည် ကနဦး ပြည်ပခရီးသွားလုပ်ငန်းဖြင့် အောင်မြင်ချမ်းသာလာခဲ့ရာမှ နောက်ပိုင်း အွန်လိုင်း စီးပွားရေးလုပ်ငန်းများတိုးချဲ့ရာတွင် တရားမဝင် ငွေချေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကမ္ဘာကျော် ဇိမ်ခံ အသုံးအဆောင်များအား ဝယ်ယူစေပြီး ပြန်ရောင်းသည့်လုပ်ငန်း၌ တစ်နှစ် အမြတ် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရစေမည်ဟု အာမခံကာ ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးဆွဲဆောင်ကာ လိမ်လည် ရယူသည့် လုပ်ငန်းများပါ လုပ်ဆောင်ရာမှ ဘီလီယံချီ လိမ်လည်သွားခဲ့သူဖြစ်သည်။ တော်ဝင်အသရေဖျက်မှု၊ လိမ်လည်မှု၊ ကွန်ပျူတာအက်ဥပဒေစသည့်စွဲချက်ပေါင်းများစွာဖြင့် ၂၀၂၁ တွင် ဖမ်းဆီးကာ ထောင်ဒဏ် ၁၁၅၅ နှစ်ချမှတ်ခဲ့ပြီး နွန်သာဘူရီခရိုင် ဘန်ကွမ်းဗဟိုအကျဉ်းထောင်တွင် ထောင်ချထားသည်။ ထိုစဉ်က စွဲချက်များစွာအနက်မှ တချို့ကိုသာ စစ်ဆေးပြီး ထောင်ဒဏ် ၁၁၅၅ နှစ် ချမှတ်ခြင်းနှင့် ဘတ် ၁၄၅ သန်း ပြန်ပေးရန် ပြစ်ဒဏ်ချရာတွင် ထိုင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ သာကျခံရမည်ဆိုသဖြင့် ကျန်အမှုများကို ထောင်ချထားစဉ် ယခုမှ ထပ်မံ စီရင်ချက်ချခဲ့ခြင်း ဖြစ်သည်။ယခုနောက်ဆုံး စွဲချက်များမှ စီရင်ချက်ထုတ်ရာတွင်လည်း တစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်ဖြင့် စွဲချက် ၂၄၂ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂၁၀ နှစ် ထပ်ချခဲ့သလို ၎င်းနှင့်အတူ ကြံရာပါ ကုမ္ပဏီများကို လည်း ဒဏ်ငွေ ဘတ် ၁၂၁ ချမှတ်ခဲ့ခြင်းဖြစ်သည်။အမှုတွင် ပူးပေါင်းပါဝင်သည်ဟုဆိုကာ ထိုပြစ်ဒဏ်အား ပြန်လျှော့ပေးပြီး ထောင်ဒဏ် ၈၀၆ နှစ်နှင့် ၈ လ၊ ဒဏ်ငွေ ဘတ်သန်း ၈၀ ပေးဆောင် ရန်ပြင်ဆင်သတ်မှတ်ခဲ့သည်။ ထောင်ချထားစဉ် ၂ ကြိမ် ထောင်ဖောက်ပြေးရန် ကြိုးစားသူ ပရာဆစ်သည် ယခုတစ်ကြိမ် ပြစ်ဒဏ်တွင်လည်း ထိုင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ သာ လက်တွေ့ကျခံပေးရမည်ဟု ဆိုသဖြင့် မည်မျှ ပြစ်ဒဏ်ချသည်ဆိုစေ ထောင်ဒဏ် နှစ် ၂၀ ပြည့်လျှင် ပြန်လွတ်မြောက်မည်သာဖြစ်သည်။ တရားရုံးက လိမ်ခံရသူများကို ပရာဆစ်နှင့်အတူ ကြံရာပါ ဝင်ဂရစ်၊ ၎င်းတို့၏ ကုမ္ပဏီများက နစ်နာသည့်ငွေ ဘတ် တစ်ဘီလီယံကျော် ပြန်ပေးစေဟုလည်း ချမှတ်ခဲ့သည်။



