ရန်ကုန်မြို့အတွင်း ကျောင်းကြို/ပို့ယာဉ်အဖြစ် ပြေးဆွဲနေသောယာဉ်များမှာ ယခုနောက်ပိုင်းတွင် ယာဉ်စည်းကမ်း ဖောက်ဖျက်၍ စည်းကမ်းမဲ့စွာမောင်းနှင်သွားလာမှုများလာပြီး ကျောင်းသား၊ ကျောင်းသူများအတွက် မလိုလားအပ်သော ယာဉ်အန္တရာယ်များကြုံလာနိုင်ကြောင်း ရန်ကုန်မြို့နေဒေသခံများထံမှ သိရသည်။ယခုရက်ပိုင်းအတွင်းတွင် ကျောင်းကြို/ပို့အဖြစ် ပြေးဆွဲနေသော Super Custom ယာဉ်ငယ်တစ်စီး ပြည်လမ်းမပေါ် အေဒီမီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းနှင်သွားမှုကိုလည်း ကိုယ်တိုင်မြင်တွေ့သူတစ်ဦးက လူမှုကွန်ရက်၌ ဖော်ပြထားလျက် ရှိသည်။“ကလေးတွေပါနေတာတောင် မဆင်မခြင်မောင်းနေကြတယ်၊ တစ်ခုခုဖြစ်ရင် ကားနဲ့ကလေးတွေထားပြီး ပြေးကြဦးမယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။အဆိုပါကျောင်းကြို/ပို့အဖြစ် ပြေးဆွဲနေသောယာဉ်ကဲ့သို့ ယာဉ်စည်းကမ်းချိုးဖောက်မှုနှင့် မဆင်မခြင်မောင်းနှင်မှုများကို နံပါတ်အဝါတပ်ဆင်ထားသည့် သာသနာပိုင်မော်ယာဉ်ယာဉ်အချို့လည်း မြင်တွေ့ခဲ့ရဖူးကြောင်း ကိုယ်တိုင်ကြုံသူတစ်ဦးက ဆိုထားသည်။
ရန်ကုန်မြို့အတွင်းတွင် မီးပွိုင့်အချို့၌ စောင့်ဆိုင်းရမှုကြာမြင့်ခြင်း၊ ပုံမှန်မီးပွိုင့်မီးစိမ်းထားသော်လည်း အရေးကြီးလမ်းကြောင်း အတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အချိန်ကြာမြင့်ခြင်းများလည်း ယခုနောက်ပိုင်း မကြာခဏကြုံလာပြီး အချို့သောနေရာများတွင် မိနစ် ၃၀၊ ၄၅ မိနစ်လောက် အထိ ပိတ်ဆို့ကာကြာမြင့်ခြင်းများရှိကြောင်း သိရသည်။ရန်ကုန်မြို့တွင်းအခြေခံပညာကျောင်းများတွင် ကျောင်းကြို/ပို့ယာဉ်အဖြစ် ပြေးဆွဲပေးနေသောယာဉ်များကို ယာဉ်ကိုယ်ထည်ပိုင်းတစ်ခုလုံး အဝါရောင်အဖြစ် တပြေးညီဖြစ်အောင်လုပ်ဆောင်ရန်လည်း စည်းကမ်းသတ်မှတ်ခဲ့ပြီး နေထိုင်ရာမြို့နယ်မှ နယ်ကျော်၍အခြားသော မြို့နယ်ရှိအခြေခံပညာကျောင်းများ၌ တက်ရောက်မှုကို ကန့်သတ်သည့် Catchment Area ကန့်သတ်မှုအစီအစဉ်များကို ပြုလုပ်ခဲ့ဖူးသည်။



