ယခုတစ်ပတ်အတွင်း သတ်မှတ်ထုတ်ပြန်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်း ဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ယခုတစ်ပတ် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ် ပေါ်မှုအရ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၁ ရက်ထိ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်၆,၀၆၀ဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် ထားသည်။ပြီးခဲ့သည့်သီတင်းပတ် အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာကျပ် ၆,၀၅၀ ရှိခဲ့မှုကြောင့် ယခုအပတ်တွင် ကျပ် ၁၀ ခန့် ဈေးအနည်းငယ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက် သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူ ပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်လီ၊ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။



