မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ၂၀၂၆ ခုနှစ်ထဲ ကျင်းပမယ့် နိုင်ငံတကာပြိုင်ပွဲတွေအတွက် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ မြန်မာ ယူ- ၂၂ အသင်းတို့အတွက် နည်းပြချုပ်များကို မကြာခင် ပြန်လည်ခန့်အပ်သွားဖွယ်ရှိနေပါတယ်။
MFF ဟာ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲအပြီးမှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်တဲ့ ဂျပန်နိုင်ငံသား ယုကီတက်ဆူရို၊ မြန်မာ ယူ- ၂၂ အသင်း နည်းပြချုပ်ဖြစ်တဲ့ ဂျပန်နိုင်ငံသား ကူရိုဆာကီတို့နဲ့ နှစ်ဖက်သဘောတူညီမှုနဲ့ လမ်းခွဲထားပြီဖြစ်ပါတယ်။ ယင်းနည်းပြ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအသင်း နှစ်သင်းစလုံးကို အုပ်စုက ကျော်လွန်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။MFF ဟာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း
နည်းပြချုပ်ဖြစ်တဲ့ ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်း၊ မြန်မာ ယူ- ၂၂ အသင်း နည်းပြချုပ်ဖြစ်တဲ့ ဂျပန်နိုင်ငံသား ကူရိုဆာကီကို ယခုနှစ် နှစ်ဆန်းပိုင်းတို့က ခန့်အပ်တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ ယခုနှစ်ထဲမှာ အာဆီယံအမျိုးသမီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး မြန်မာ ယူ- ၂၂ အသင်းကလည်း နိုင်ငံတကာပြိုင်ပွဲအချို့ ဝင်ရောက်ယှဥ်ပြိုင်ရဖို့ ရှိနေပါတယ်။



